ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်(ပန်းဆိုးတန်း-ဒလ)သင်္ဘောဆိပ်ကမ်း၌ ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ဒလဆိပ်ကမ်းတွင် ချယ်ရီ ၂ ရေယာဉ်သည် ၅ နာရီခွဲ ခေါက်နှင့် ထွက်ခွာရန် ခရီးသည်များ တင်ဆောင် နေစဉ်၊ ရေယာဉ်မထွက်ခွာမီ အချိန်တွင် အသက် ၆၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး(ဒလမြို့နယ်နေသူ) မှာ ရေယာဉ်လက်ယာဖက် ပဲ့ဘုံလုံတိုင် တွင် ထိုင်နေလျက်မှ ရုတ်တရက် မြစ်ထဲသို့ ခုန်ချမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ထိုသို့ ဖြစ်ပွားပြီးနောက် ချယ်ရီ ၂ ရေယာဉ်ပေါ်မှ ဦးရဲမြတ်ဝင်း စက်ခန်းအကူ နှင့် ခရီးသည် ဦးအောင်အောင် ဗိုလ်မင်းရောင်(၃)လမ်း၊ ရာဇသင်္ကြန် ရပ်ကွက်နေသူတို့မှ ဘောကွင်းပစ်ချ၍ အရေးပေါ် ကယ်ဆယ်ပြီး ချယ်ရီ(၂) ရေယာဉ်နောက်တွင် ရပ်နားထားသော RO RO 4 ရေယာဉ် မှ ဦးသောင်းမြင့် (ရေကြောင်းပြ) နှင့် ဦးသီဟတို့ ဦးဆောင်၍ ဝန်ထမ်းများမှ စုပေါင်းဆယ်ယူ၍ ထိခိုက်မှုမရှိဘဲ ကောင်းမွန်စွာဖြင့် အချိန်မီကယ်ဆယ်နိုင်ခဲ့ကြသည်။ အဆိုပါ မြစ်ထဲသို့ ခုန်ချခဲ့သည့် အမျိုးသားသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်းသိရသည်။
အလားတူ ဖြစ်စဉ်အနေဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့ ယနေ့မွန်းလွဲ ၂ နာရီအချိန်ကလည်း ဒလသင်္ဘော ဆိပ်ကမ်းမှ ချယ်ရီ(၂) ရေယာဉ်သည် ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ထွက်ခွာစဉ် မြစ်လယ်အရောက်၌ ရေယာဉ်စီးနင်းလိုက်ပါ လာသော အသက် ၃၀ နှစ် အရွယ် အမျိုးသမီးတစ်ဦး မြစ်ထဲသို့ ခုန်ချမှု ဖြစ်ပွား ခဲ့သည်။
ရန်ကုန်မြစ်တွင်း၌ နိုဝင်ဘာလအတွင်း မြစ်ထဲသို့ ခုန်ချမှု ၂ ကြိမ် ဖြစ်ပွားခဲ့သော်လည်း အချိန်မီ ကယ်ဆယ် နိုင်ခဲ့ခြင်းကြောင့် ပြည်သူနှစ်ဦးစလုံး အသက်ရှင်နိုင်ခဲ့ကြောင်းသိရသည်။ ထိုသို့ ပြုလုပ် ကြံစည်သူများကိုလည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူများက ထိရောက်စွာ အရေးယူခြင်းမျိုး မပြုလုပ်ဘဲ၊ နောက်နောင် ဤကဲ့သို့ ကြံစည်မှုမပြုလုပ်တော့ပါကြောင်း၊ ကောင်းမွန်စွာ နေထိုင်မည်ဖြစ်ကြောင်း ကာယကံ ရှင်ဖြစ်သူ နှင့် မိသားဝင်တို့မှ ခံဝန်လက်မှတ် ရေထိုးခြင်းတို့ဖြင့် ဆောင်ရွက်စေခဲ့ကြောင်းသိရသည်။
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ပြေးဆွဲနေသည့် ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) အမည်ရှိ ကူးတို့ရေယာဉ် သုံးစင်းတို့သည် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘ ပြည်သူများစွာတို့ကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသလို၊ ခရီးသည်များ ဘေးကင်း လုံခြုံစွာ ဖြင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ ရန်ကုန် (ပန်းဆိုးတန်း- ဒလ) လက်မှတ်ရုံ တို့ရှိဝန်ထမ်းများ၊ ချယ်ရီသင်္ဘောဝန်ထမ်းများက အနီးကပ် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)