ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော် (၂) ဆောင် ဆောက်လုပ်နေမှုနှင့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုပြီး နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လောကနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်၌  နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့် နေရာများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားကာ လောကနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော် (၂) ဆောင် ဆောက်လုပ်နေမှုအား သွားရောက် ကြည့်ရှုကြရာ စံကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က စံကျောင်းတော်များ ဆောက်လုပ်နေမှု၊ ဆက်လက်ဆောက်လုပ်ရမည့် အစီအမံများကိုရှင်း လင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စံကျောင်းတော် (၂) ဆောင်အား ခန့်ညားထည်ဝါသပ္ပါယ်စွာ တည်ဆောက်နိုင်ရေး စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆောင်ရွက်ပေးကြရန်မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မင်္ဂလာတိုင်ထူထောင်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် စိုက်ထူထားသည့် တံခွန်တိုင်အား ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းကိုက်ညီနိုင်ရေး လုပ်ဆောင်သွားရန်မှာကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး စစ်တွေမြို့ရှိ ဝင်္ကပါကွင်းအဆင့်မြှင့်တင်နိုင်ရေးအတွက် သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တွင်း၊ ပြည်ပသာသနာပြု၊ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျောင်း ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ထားသည့် ရန်ပြေမာန်ပြေဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပြီး    (တန်ဆောင်မုန်းလပြည့်နေ့)တွင် ဘုရားကြီးရင်ပြင်၌ကျင်းပမည့် ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကျင်းပမည့် နေရာများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေသည် နှစ်(၅၀)ပြည့်မြောက်သည့် အခမ်းအနားဖြစ်ကြောင်း၊ မိမိတို့အစို့ရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပြီး အစွမ်းအကုန်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားအပြင် အခြားနေ့ထူးနေ့မြတ် အခမ်းအနားများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး ယခင်နှစ် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်ခဲ့သည့် (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍများတွင် စွမ်းစွမ်းတမံ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများကိုလည်း စီမံထူးချွန်ဆု၊ လယ်ယာစီးပွားထူးချွန်ဆု၊ လူမှုထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိအောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လိုအပ်သော လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ စီမံဆောင်ရွက်သွားမည့် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားမကျင်းပမည် ကော်မတီအလိုက် အချိန်ယူ၍ ဆောင်ရွက်ရမည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ၊ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက်ခဲ့သူများကို စီမံ၊ စီးပွား၊ လူမှုထူးချွန်ဆုများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အစိုးရအဖွဲ့နှင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့်လည်း စိတ်အားထက်သန်စွာဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့် အစီအမံများ၊ ယခင်နှစ်ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

ဝင်းမင်းစိုး၊တင်ထွန်း (ပြန်/ဆက်)