ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ပေါင် နိုဝင်ဘာ ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အလှပ်ကျေးရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အလှပ်ကျေးရွာ တိုက်နယ်ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အလှပ်ကျေးရွာသည် ပင်လပ်ကမ်းစပ် ရေလုပ်သားအများစုနေထိုင်သည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားရအောင် ကျေးလက်နေပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ သန့် (၄) သန့်ဖြင့် စနစ်တကျ နေထိုင်နိုင်ရေး လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးက ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရေမသန့်ရှင်း၍ ဖြစ်သောကြောင့် ရေကိုကျိုချက်၍ သောက်သုံးရန်လိုအပ်ပါကြောင်း၊ မသန့်ရှင်းသည့် ယင်နားစာများကို ရှောင်ကျဉ်ကြရန်လိုအပ်ပါကြောင်း၊ မစင်စွန့်ပစ်ရာတွင် ယင်လုံအိမ်သာများဖြင့် စနစ်တကျစွန့်ပစ်ကြပါရန် ဟောပြောဆွေးနွေးခဲ့သည်။

တစ်ဆက်တည်းမှာပင် တက်ရောက်လာကြသူများအား World Vision မှလှူဒါန်းသော လက်ဆေးဆပ်ပြာများ၊ ဝမ်းပျက်ဝမ်းလျှောနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များကို ပေးဝေးခဲ့သည်။ ထို့နောက် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးကုသမှုခံယူနေသည့် လူနာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူးတို့က အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)