ကျောက်ဆည် နိုဝင်ဘာ ၄
နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ သိပ္ပံနှင့် နည်းပညာကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ သဘာဝဇီဝမြေဩဇာနှင့် ဇီဝမှိုသတ်ဆေးထုတ်လုပ်ရေး၊ အကျိုးပြုအဏုဇီဝပိုးများ လက်တွေ့ရှာဖွေအသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ) ဒေါက်တာအေးအေးခိုင်က အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန်အစားထိုးနိုင်စေရး၊ လိုအပ်သော နည်းပညာများ ထောက်ပံ့ပေးရန်၊ ဓာတ်ခွဲခန်းတစ်ခုအတွက် ဖြည့်တင်းရန် လိုအပ်သည့် စက်ပစ္စည်းများ၊ ဓာတုဆေးများကို သိရှိပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အဏုဇီဝပိုးများကို အခြေခံသိရှိပြီး ဇီဝလုံခြုံမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်တတ်စေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဏုဇီဝဓာတ်ခွဲခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ စန်းစန်းယုက သင်တန်းတွင် အဏုဇီဝဗေဒဆိုင်ရာ အခြခံသိကောင်းစရာများတွင် ဓာတ်ခွဲခန်းတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုပုံနှင့် အဏုဇီဝဓာတ်ခွဲခန်းပစ္စည်းများအကြောင်းနှင့် အဏုဇီဝပိုးများ ရှာဖြွေခြင်း၊ ဇီဝမြေဩဇာ ပြုလုပ်ပုံအဆင့်ဆင့်နှင့် ဇီဝမြေဩဇာများအကြောင်း၊ ဇီဝမြေဩဇာတွင် ထည့်သွင်းအသုံးပြုမည့် အကျိုးပြုအဏုဇီဝပိုးများအကြောင်း၊ အဏုဇီဝပိုးများ ရေရှည်ခံအောင်ထိန်းသိမ်းခြင်း၊ အဏုဇီဝမှိုထုတ်ယူခြင်း၊ အဏုဇီဝ မှိုသတ်ဆေးထုတ်လုပ်ခြင်း စသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မန္တလေးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ Global Earth သင်တန်းသားများနှင့် တစ်နိုင်တစ်ပိုင် ဇီဝမြေဩဇာအရည် ထုတ်လုပ်ရောင်းချသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅) ရက်အကြာ စာတွေ့လက်တွေ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝဇီဝမြေဩဇာနှင့် ဇီဝမှိုသတ်ဆေးထုတ်လုပ်ရေး၊ အကျိုးပြု အဏုဇီဝပိုးများ လက်တွေ့ရှာဖွေအသုံးပြုခြင်းနှင့် ထိန်းသိမ်းခြင်းသင်တန်း သင်တန်းဖွင့်လှစ်ပေးမှုကြောင့် ဓာတ်မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်းအားဖြင့် ဓာတုအကြွင်းအကျန်များကြောင့် စိုက်ပျိုးမြေဆီလွှာပျက်စီးမှုမှ ကာကွယ်ခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)