ပေါင် နိုဝင်ဘာ ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ဥပဒေရေးရာဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၁၀) နာရီက ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသားကျောင်းသူများ သိသင့်သည့် ဥပဒေဆိုင်ရာများ ကို ဟောပြောခဲ့သည်။
ဆက်လက်၍ မုတ္တမမြို့မစခန်းမှူးရဲအုပ် ရဲစိုးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်းကောင်း၊ အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုရဲအုပ် ဝေလင်းထက် ကယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသံမရောင်းက အထက်ပါဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ အထက်တန်းပြဆရာမ ဒေါ်ထားထားအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)