နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပျဉ်းမနား နိုဝင်ဘာ ၃

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ နတ်သရဲကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများပေါ်တွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာများ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာမြေများအပေါ်တွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် ထယ်ရေးထွန်ယက်နေမှုနှင့် မြေပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဦးက ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများပေါ်တွင် တောင်သူများအနေဖြင့် ဆောင်းသီးနှံများပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီသီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လယ်ယာမြေများတွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ရေပေးမြောင်းများနှင့် ရေနုတ်မြောင်းများအတွင်း ပေါင်းမြက်များ မရှိစေရေးကို အမြဲမပြတ် ရှင်းလင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)