ဒဂုံ(မြောက်) နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့်အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုနှင့် အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ခြင်းကို တတ်နိုင်သည့်ဘက်မှပံ့ပိုးကူညီရန်ရည်ရွယ်၍ ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ(Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဒေါ်နန်းစန္ဒာအောင်က ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲ(သင်တန်း)များ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းသားများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်သက်ဦး၊ အခြေခံပညာဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ပညာရေးမှူး ဦးငွေသူရတို့က သင်တန်းတက်ရောက်သင်ကြားမှုကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းကို နိုဝင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန်ကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ ( ၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြင့်မြင့်ရီ