နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရာဂိမုန်တိုင်းအရှိန်ကြောင့်ပျက်စီးခဲ့သည့် လယ်ယာမြေများပြန်လည်ကုစားနိုင်ရေး ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံ

တပ်ကုန်း နိုဝင်ဘာ ၃

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ရာဂိမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများ ပြန်လည်ကုစားရေး ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်နိုင်ဝင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးမြအေးအောင်၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးထွန်းညွန့်၊မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦးသိန်းဝင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးမှူး ဦးကျော်သူရှိန်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူးဦးမြင့်ဇော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်က ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှု၍ ပျက်စီးသွားခဲ့သော လယ်ယာမြေ ၁၇၃၁၀ ဧကအား ပြန်လည်ကုစားမည့်အစီအမံများ၊ ရေကြီး နစ်မြုပ်ခဲ့သည့် လယ်ယာမြေများအနက် စိုက်ပျိုးနိုင်သော လယ်ယာမြေများပေါ်တွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်မည့်အစီအစဉ်လျာထားချက်များ၊ လယ်ယာမြေအပေါ်တွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစေ့လိုအပ်ချက်နှင့်စိုက်ပျိုးပြီးစီးမှုအခြေအနေများ ရှင်းလင်း တင်ပြ၍လည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးသိန်းဝင်းက စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာမြေပြန်လည်ဖော်ဆောင်ပေးလျက်ရှိသည့်အခြေအနေနှင့် ရေကြီးနစ်မြုပ်ပျက်စီးသွားခဲ့သည့် လယ်မြေများအတွင်း နုန်းမြေများ ဖယ်ရှားကုန်ကျစရိတ်များ ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးကျော်သူရှိန်က သဲနုန်းဖုံးလယ်ယာမြေ ပျက်စီးခဲ့မှုအခြေအနေနှင့် ကန်စင်းပျောက်လယ်မြေများအတွက် တောင်သူများ အငြင်းပွားမှုမဖြစ်ပွားစေရေး ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးဇော်မင်းထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ် ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးမှု အခြေအနေနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးအစီအစဉ်များ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူး ဦးမြင့်ဇော်က ဆင်သေဆည်နှင့်အခြား ဆည်ကန်များမှ စိုက်ပျိုးရေ ပေးဝေရန်ဆောင်ရွက်ပေးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီ ဦးဇေယျာလင်းက ရေနစ်မြုပ်မှုကြောင့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည်ပြုပြင် စိုက်ပျိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ညောင်ပင်သာနှင့်လက်ပံတောကျေးရွာချင်းဆက်ကုန်ထုတ်လမ်း အရှည် ၄၃၂၅ ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၁ပေ၊ ၉ လက်မ ရိစာခင်းလမ်းဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ပြီးနောက် ရှောက်ကုန်းကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (VDP)ခွင့်ပြုရန်ပုံငွေဖြင့် လမ်းပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်