နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြိုနယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ နေပြည်တော်အတွင်း သောက်သုံးရေလုံလောက်စွာပေး‌ဝေနိုင်ရေးနှင့် သုခတော်ဝင်အိမ်ရာ စီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိမြိုနယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံမှ ကျောက်ချက်ကျေးရွာအထိ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဆောင်ရွက်ရန်၊ ရေစီးဆင်းမှု တစ်ဆက်တစ်စပ်တည်းဖြစ်စေရေးအတွက် ရေမြောင်းများ ဆက်လက်တူးဖော်ဆောင်ရွက်နိုင်ရေးတို့ကို အမြန်ဆောင်ရွက်စေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရေပေးရေးစက်ရုံသို့သွားရောက်၍ နေပြည်တော်အတွင်း သောက်သုံးရေလုံလောက်စွာပေး‌ဝေနိုင်ရေးအတွက် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတဆင့် ထပ်တိုးရယူရန် အကောင်အထည်ဖော် တည်ဆောက်မည့် စီမံကိန်းလုပ်ငန်း လျာထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဌာနမှူးက လက်ရှိသောက်သုံးရေ ပေးဝေနေမှုအခြေအနေကို ထပ်မံတိုးချဲ့ပြီး ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှ တဆင့်ရယူ၍ မူလရေပေးရေးစနစ်အတွင်းသို့ပေးပို့နိုင်မည့် အခြေအနေများနှင့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊မြို့တော်ဝန်က လုပ်ငန်းအစီအမံများကို ရေရှည်မျှော်မှန်းပြီး စနစ်တကျရေးဆွဲဆောင်ရွက်ထားရှိရန် နှင့် ယခုတိုးချဲ့ရေပေးရေး စီမံကိန်းသည် စိုက်ပျိုးရေးအတွက် အဓိကတည်ဆောက်ထားသော ချောင်းမငယ်ဆည်မှ ရေအား မျှဝေသုံးစွဲရသည့်အတွက် မိုးနည်းပါးသည့် နှစ်များတွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့်ကြိုတင်ညှိုနှိုင်းဆောင်ရွက်ထားရန် မှာကြားခဲ့သည်။       

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)