တိုက်ကြီး နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့နယ်များတွင် တိုက်ကြီးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ”မရှိ၍မလင်းသူမရှိစေရ”အစီအစဉ်ဖြင် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ကုသနိုင်ရေးအတွက်ယမန်နေ့နံနက်ပိုင်းမှစ၍ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများသို့ စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲဥက္ကဋ္ဌတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ နယ်မြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဖျောက်မြို့၊ အမှတ် (၁/၃/၄) ရပ်ကွက်များအတွင်း မရှိ၍ မလင်းသူမရှိစေရအစီအစဉ်အား ရပ်ကွက်များအတွင်း ကွင်းဆင်း၍ အသိပညာပေးခြင်း၊ မျက်စိရောဂါဝေဒနာရှင်စာရင်းများ ကောက်ယူခြင်းဆောင်ရွက်သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာများမှ စာရင်းကောက်ယူလာသည့် လူနာများအား နိုဝင်ဘာလ ၄ ရက် တွင် တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါအထူးကုဆရာဝန်မှ ခေတ်မီစက်ကိရိယာများဖြင့် အခမဲ့စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်ပြီး ခွဲစိတ်ရန်လိုအပ်သော မျက်စိဝေဒနာရှင်များကို ရန်ကုန်မြို့ရှိ ဆေးရုံများ၌ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်နှင်းသက် (ပြန်/ဆက်)