ကော့မှူး နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Students Participation Initiative -SPI) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့သစ်ရပ်ကွက်အ.ထ.က (ကော့မှူး) နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်ဖြိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်နုနုကြည်တို့ကပြောကြားရာတွင် အခြေခံပညာကျောင်းများတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများလုပ်ဆောင်ရသည့် အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ကျောင်းသားများပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Students Participation Initiative -SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ အလယ်တန်း (ခွဲ) ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးစုစုပေါင်း (၅၁) ဦး တက်ရောက်ပြီး သင်တန်းကို အ.ထ.က ကညင်ကူကျောင်းမှ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင် အ.ထ.က (ခွဲ) ဘော်လုံးကွင်းကျောင်းမှ အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စိုးတို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကိုနိုဝင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)