နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ဧကများအတွက် ပြန်လည်အစားထိုး ကုစားစိုက်ပျိူး ပြီးစီးမှုအခြေအနေများအားကွင်းဆင်းစစ်ဆေး

လယ်ဝေး နိုဝင်ဘာ ၂

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျံချီကျေးရွာအုပ်စု၊ ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျံချီကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတတ်ရေး ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်နေသော သီရိအလင်းရောင် စာကြည့်တိုက် ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများထံ မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့သော စပါးစိုက်ဧကများအတွက် ပြန်လည်အစားထိုးစိုက်ပျိုးနေသည့် အလယ်ကျွန်းကျေးရွာအုပ်စု၊အလယ်ကျွန်းကျေးရွာ ကွင်းအမှတ် ၁၇၄၃ နှင့် အင်ပင်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၇၅၂ တို့သို့သွားရောက်၍ ပြန်လည်အစားထိုး စိုက်ပျိူးပြီးစီးမှုအခြေအနေများနှင့် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းမှ ပြန်လည်ကုစားစိုက်ပျိူးပြီးစီးမှု အခြေအနေများ၊ သွင်းအားစုထောက်ပံ့ပေးပြီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ပြန်လည်ကုစားစိုက်ပျိူးထားသော လယ်ယာမြေများအတွက် အောင်ရေရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး၊ မိုးစပါးဆည်ရေသောက်ဧရိယာများတွင် အောင်ရေရရှိရေးအတွက် ရေပေးမြောင်းများရှင်းလင်းရေး၊ နိုဝင်ဘာ ၂ ရက်နေ့တွင် ရေပေးနိုင်ရေး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်ချိန်မမှီသော စိုက်ဧကများကို ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် စက်မှုလယ်ယာတိုင်းဦးစီးမှူးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီးတောင်သူများအား ရွက်ဖျန်းဆေးဘူးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၇၄၃ တွင် သဘာဝဘေးကြောင့် ရေကြီးနှစ်မြုပ်ဧက ၁၂၅၀ အနက် မိုးစပါးပြန်လည်အစားထိုးကုစားစိုက်ပျိုးပြီး ၁၃၆ ဧက၊ မတ်ပဲ ၆၃၄ ဧက၊ ပဲကြီး၂၇၀ ဧကနှင့် အခြားပဲ ၂၁၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် အင်ပင်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၁၇၅၂ တွင် ထိခိုက်ပျက်စီးဧက ၂၀၅ ဧကရှိပြီး မိုးစပါးပြန်လည်အစားထိုးစိုက်ပျိုးပြီးကြောင်း သိရသည်။

ဝေကြည်( ပြန်၊/ဆက်)