ကျောက်ဆည် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ငပြောင်ဆည်ရေသောက်စနစ် ကွမ်းဆေးမြောင်းတွင် မြောင်းဘောင်ရေတိုက်စားခြင်းမှ ကာကွယ်စေရန်နှင့် မြောင်းဘောင်ရေရှည်တည်တံ့ခိုင်မြဲရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းဘောင်ကျောက်ရိုးစီခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြောင်းဘောင်ကျောက်ရိုးစီခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ်၊ ဈေးကျေးရွာအနီး ကွမ်းဆေးမြောင်း၏ ပေတိုင်အမှတ် (၁၄+၀၀၀)မှ (၁၄+၅၀၀) ကြားတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မြောင်း၏အတွင်းယာဘက်ရှိ မြေကာနံရံများပျက်စီးနေခြင်းနှင့် ၎င်းမြေကာနံရံနှင့်အပြိုင် အာကာရှင်မ ရေကျရိုးမြောင်း နီးကပ်စွာတည်ရှိနေသည့်အတွက် မြောင်းကျိုးပေါက်မှုများ မကြာခဏဖြစ်ပေါ်ကာ စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် မန္တတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၂၅.၀၀၀)ကျပ်သန်း အကုန်အကျခံကာ မြောင်း၏ယာဘက်ခြမ်း မြောင်းဘောင်အရှည်(၁၉၀)ပေ၊ အကျယ်(၁.၅)ပေ၊ အမြင့်(၆)ပေ ကျောက်ရိုးစီခြင်းများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငပြောင်ဆည်ရေသောက်စနစ် ကွမ်းဆေးမြောင်းတွင် မြောင်းဘောင်ကျောက်ရိုးစီခြင်းများ ပြုလုပ်ပေးသည့်အတွက် မြောင်းဘောင်ကြံ့ခိုင်မှုရှိလာပြီး သီးနှံမျိုးစုံ(၄၄၇၅)ဧကအတွက် စိုက်ပျိုးရေများ အချိန်နှင့်တစ်ပြေးညီ လိုအပ်သလိုပေးဝေနိုင်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)