မိုင်းယု နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးကပ်ဆိုးများ ဆိုက်ကပ်မှုမရှိစေရန်အတွက်ရည်စူး၍ တစ်နှစ်လျှင်တစ်ရွာစီဖြင့် အလှည့်ကျကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ ၅ ရက်နေ့မှစတင်၍ ၇ ရက်နေ့ထိ သုံးရက်တိုင်တိုင် မြို့မရပ်ကွက်၊ ဒေါင်လုံကျေးရွာရှိ ဝပ်ကြွမ်းခေါင်းဘုန်ကြီးကျောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဆွဲပွဲတော်ကို တစ်နှစ်လျှင်တစ်ရွာစီဖြင့် ကျရာရပ်ကွက်၊ ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့လိုက် ဆင်ရုပ်များကြိုတင်ပြင်ဆင်ပြုလုပ်ထားရပြီး အလှူပွဲကျင်းပသည့်နေ့ရက်၌ ယင်းအရုပ်များပေါ်တွင် မိမိတို့ စိတ်စေတနာသဒ္ဒါတရားထက်သန်သည့်အပေါ် စုပေါင်းလှူဒါန်းထားသည့် လှူဖွယ်ဝတ္ထုပစ္စည်းများပါဝင်ကာ အလှတန်ဆာဆင်ယင်ထားသည့် ဆင်ရုပ်များကို ကြိုးများဖြင့်ချည်ဆွဲ၍ ရွာအတွင်းလှည့်လည်ပြသကာ ကျရာကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းရသည့် ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်သည်။
ထိုအလှူပွဲရက်အတွင်း လာရောက်လည်ပတ်သော ဧည်သည်တော်များကိုလည်း ရိုးရာအစား အသောက်များနှင့် ဒေသခံတိုင်းရင်းသားအလှူရှင်များက ပျူငှာစွာတည့်ခင်းဧည့်ခံ ကျွေးမွေးခြင်းနှင့် ညပိုင်းတွင် တိုင်းရင်းသားတို့၏ရိုးရာအကအလှများဖြင့် ဖော်ဖြေတင်ဆက်ပေးမည်ဖြစ်ကြောင်းနှင့် ယင်းပွဲတော်ရက်အတွက် အလှူရှင်အစုအဖွဲ့များက မိမိတို့ဆင်ရုပ်များကို အလှတန်ဆာဆင်ယင်ကာ ပြင်ဆင်နေလျက်ရှိကြောင်း၊ မိမိတို့ကျေးရွာအတွင်း တစ်နှစ်မှတစ်ခါသာ အလှည့်ကျပြုလုပ်ရသည့် ရိုးရာဓလေ့ကထိန်ဆင်ဆွဲပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စိတ်သဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းစုပေါင်းကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်