မုဒုံ နိုဝင်ဘာ ၁
နိုင်ငံအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများရရှိစေခြင်းဖြင့် အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အောက်တိုဘာ ၃၀ မှ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။
ဒေါ်စမ်းစမ်းနွယ် (ဒုတိယညွှန်ကြားရေးမှူး)၊ မွန်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဒီနေ့အခမ်းအနားကတော့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားပဲ ဖြစ်ပါတယ်။ မွန်ပြည်နယ်အနေဖြင့် ပထမအကြိမ် ရေးမြို့နယ်၊ ဒုတိယအကြိမ် သထုံမြို့နယ်၊ တတိယအကြိမ် ချောင်းဆုံမြို့နယ်နှင့် စတုတ္ထအကြိမ်အဖြစ် မုဒုံမြို့မှာ ကျင်းပတာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူနှင့် ကျောင်းသား/သူများ စာဖတ်တဲ့အလေ့အထဖြစ်ပေါ်စေရန်နှင့် စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယနေ့ပွဲတော်မှာဆိုရင် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းမှုနှင့်အတူ ဉာဏဖွံ့ဖြိုးမှုကိုအထောက်အကူပြုသော (အထက်တန်း၊ အလယ်တန်းအဆင့်) ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ (မူလတန်းအဆင့်) ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ သင်္ချာဉာဏ်စမ်း၊ သင်္ကေတမှတ်နိုင်စွမ်းရည်၊ အင်္ဂလိပ်စာလုံးဆက်ပြိုင်ပွဲများကိုကျင်းပမှာဖြစ်ပြီး ကလေးများကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန် အားကစားပြိုင်ပွဲများဖြစ်တဲ့ ခါးလှည့်၊ ခွက်နင်း၊ ဂိမ်းကစားနည်းများကျင်းပခြင်း၊ ပြခန်းများအနေဖြင့် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြခန်း၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြခန်း၊ “ဖန်တီးဆန်းသစ်ပညာခေတ်” ပညာရေးပြခန်း၊ ကျန်းမာရေးဌာနပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်း၊ ဒေသထွက်ကုန်၊ MSME များနှင့်ပတ်သက်သောပစ္စည်းပြခန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်းနှင့် စာအုပ်အရောင်းဆိုင်များကို စည်စည်ကားကား ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ ယခုလိုပွဲတော်ကျင်းပခြင်းဖြင့် ကျောင်းသား/သူများက ပြိုင်ပွဲဝင်ရန် စာဖတ်ရမယ်၊ လေ့လာသင်ယူမှုကို တွန်းအားပေးခြင်းဖြစ်ပြီး အနာဂတ်ကာလမှာ ဦးဆောင်ဦးရွက်ပြုသူအထိဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျောင်းသား/သူများကိုလည်း စာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးသန်းထွန်းဌေး (မုဒုံမြို့နယ် ပညာရေးမှူး)
မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မုဒုံမြို့ရဲ့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပရတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူမိပါတယ်။ ယခုလိုပွဲတော်ကျင်းပပေးခြင်းအားဖြင့် မုဒုံမြို့နယ်မှာရှိသော အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသား/သူတွေ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်/စာပေကောင်းများကို ဖတ်ရှုရမည်ဆိုတဲ့ အလေ့အထကောင်းတွေ ရရှိလာမှာဖြစ်သည့်အတွက် များစွာအကျိုးရှိထိရောက်တဲ့ပွဲတော်ကြီးလဲဖြစ်ပါတယ်။ ရပ်ကွက်/ ကျေးရွာမှာရှိတဲ့ စာကြည့်တိုက်တွေ ကျောင်းစာကြည့်တိုက်တွေလည်း ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ၊ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များအားလုံး စာများများဖတ်ရှုလေ့လာကြမယ်ဆိုရင် စာပေမြင့်မှလူမျိုးတင့်မည်ဆိုတဲ့အတိုင်း နိုင်ငံဟာလဲ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်ကိုသွားတဲ့ အလေ့အထမှသည် အလေ့အကျင့်ဖြစ်ပြီးတော့ သူတို့တွေက စာများများဖတ်၍ အကျိုးအကြောင်း အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပြီးတော့ ကလေးတွေအတွက်လည်း သူတို့သိချင်မြင်ချင်တဲ့အကြောင်းအရာများ လေ့လာသင်ယူရမည့် အကြောင်းအရာများကို စာကြည့်တိုက်တွေမှာ အများကြီးရှိတဲ့အတွက် အားလပ်ချိန်တွေမှာ ဝါသနာပါရာ တိုးတက်ရာတိုးတက်ကြောင်း စာပေတွေကို များများလေ့လာဖတ်ရှုကြဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီး ဒီပွဲတော်ကို တက်ရောက်အားပေးချီးမြှင့်ကြတဲ့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာမှ တာဝန်ရှိသူများကိုလည်း အထူးပင်ကျေးဇူတင်ရှိပါတယ်။ နောင်တချိန်မှာ နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းယူကြမဲ့ ကျောင်းသားလူငယ်လေးများရဲ့ အနာဂတ်ကိုမျှော်တွေးပြီး စီစဥ်ဆောင်ရွက်ပေးကြတဲ့ ဌာနဆိုင်ရာအသီးသီးနှင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြတဲ့ ကျနော်တို့ပညာရေးဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။
မောင်အာကားဆန်း (Grade-9 A) အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မုဒုံမြို့နယ်
ဒီကနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျပန်းစကားပြော၊ စကားရည်လု၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ အားကစားပြိုင်ပွဲတွေက စုံလင်လို့ပါပဲခင်ဗျာ။ အဲ့ဒီထဲကမှ ကျွန်တော်ကတော့ စကားရည်လုပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ လူငယ်တွေကို စာပေနှင့်ပတ်သက်ပြီး စိတ်ဝင်စားလာအောင်၊ ရင်းနှီးမှုရှိလာအောင် ပေါင်းကူးပေးတဲ့ ပွဲတော်လေးလဲဖြစ်ပါတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ စကားရည်လုပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ကျောင်းစာကြည့်တိုက်မှာ လေ့လာဖတ်ရှုမှတ်စုလုပ်တယ်၊ ပိုပြည့်စုံအောင် IPRD စာကြည့်တိုက်ကိုသွားပြီး လိုအပ်သမျှတွေ လေ့လာတယ်၊ မုဒုံပြန်/ဆက်ရုံးက ဦးစီးမှူးနဲ့ အစ်ကိုတွေ အမတွေအားလုံးက သဘောလည်းကောင်းတယ်၊ အကူအညီလည်းပေးကြပါတယ်။ စာတတ်ပါလျက် စာမဖတ်တဲ့လူဟာ မတ်တပ်ခြောက်နေတဲ့ သစ်ပင်ကြီးနဲ့တူပြီး သနားစရာကောင်းတာမို့ အဲ့လိုမဖြစ်ရအောင် လူငယ်များအားလုံး ဒီကနေ့ကျင်းပတဲ့ပွဲတော်သို့လာပြီး ကျွန်တော်တို့နှင့်အတူ ပါဝင်ဆင်နွှဲကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
မဆုမြတ်အေး (Grade- 10 A)၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မုဒုံမြို့နယ်
ဒီကနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကျွန်မကတော့ ကျောင်းကိုယ်စားပြု ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ စာပေဆိုတာ အသိအလိမ္မာကို တိုးပွားစေပြီး စာဖတ်ခြင်းဖြင့် ပညာအသိရင်မှာရှိကာ စဥ်းစားဆင်ချင် သတိနှင့်ယှဥ်တတ်အောင် လမ်းညွှန်ပေးပါတယ်။ အတ္တနှင့်ပရ မျှတအောင် ဖန်တီးပြုပြင်ပေးပါတယ်။ ကိုယ်နှုတ်နှလုံးသုံးပါးစလုံးကို ပဲ့ကိုင်ပေးပါတယ်။ ဒီကနေ့ကျင်းပတဲ့ပွဲမှာ စာအုပ်တွေလည်းရောင်းတယ်၊ သူငယ်ချင်းတွေကိုလည်း စာအုပ်တွေဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ စာအုပ်ဝယ်တယ်ဆိုတာက ပိုက်ဆံကိုသုံးလိုက်တာပါ ဖြုန်းလိုက်တာမဟုတ်ပါဘူး။ မဝယ်နိုင်လို့လည်း အားမငယ်ပါနဲ့ စာကြည့်တိုက်တွေသွားပြီး စာအုပ်တွေကို ဖတ်လို့လည်းရပါတယ်လို့ ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
မောင်မင်းဘဝင်ငြိမ်း (Grade-9 A) အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မုဒုံမြို့နယ်
ဒီကနေ့ပွဲတော်ကို ကျွန်တော်တို့စာသင်ကျောင်းမှာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လာရောက်ပြီးတော့ ကျင်းပပေးတဲ့အတွက် တိုင်းစရာမရှိ၊ နှိုင်းစရာမရှိအောင် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပွဲတော်ကြီးကပေးတဲ့ အလိမ္မာတွေကြောင့် ယနေ့မျိုးဆက်သစ်လူငယ်တွေက စာပေကိုပိုပြီးတော့ တန်ဖိုးထားလာကြပါတယ်။ စာပေကိုချစ်တဲ့စိတ် ကင်းမဲ့လာရင် စာပေကရတဲ့ သုတနဲ့ရသလည်း ဆုံးရှုံးလိမ့်မယ် လူမျိုးတစ်မျိုးရဲ့ ယဥ်ကျေးမှုအဆင့်အတန်းကို တိုင်းတာရာမှာ စာပေက ပေတံတစ်ခုဖြစ်ပါတယ်။ စာပေအဆင့်အတန်းနိမ့်ရင် အဲ့ဒီလူမျိုးရဲ့ ယဥ်ကျေးမှုအဆင့်အတန်းနိမ့်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီကနေ့ပွဲတော်က မြန်မာစာ၊ မြန်မာဘာသာစကားကို ထိန်းသိမ်းမြှင့်တင်ပေးတဲ့ပွဲ၊ လူငယ်တွေ စာကြည့်တိုက်မှာ စာဖတ်အောင်တိုက်တွန်းပေးတဲ့ပွဲ၊ လူငယ်တွေ ပျော်ရွှင်လာအောင် အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးတဲ့ပွဲလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ ကျောင်းအုပ်ဆရာမကြီးကလဲ ပြိုင်ပွဲတိုင်းမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အားပေးတယ်လေ။ ဒီလိုပွဲမျိုး နှစ်စဥ်ကျင်းပပေးဖို့မျှော်လင့်ရင်း လူငယ်တွေအတွေးအခေါ်မှန်ကန်ပြီး စာဖတ်ဝါသနာပါလာကာ လောကကိုအကျိုးပြုလိုသော စေတနာ့ပန်းကလေးများ ဆထက်ထမ်းပိုး မွှေးပျံလာပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
အောင်မျိုးသူ (ပြန်/ဆက်)