နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နေပြည်တော်အဆင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နေပြည်တော်အဆင့် လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နေပြည်တော်အတွင်း နေထိုင်ကြသည့် ပြည်သူလူထုများ၏ သားငါးစားနပ်ရိက္ခာဖူလုံရေးအတွက် တာဝန်ရှိသူများ အနေဖြင့် မွေးမြူသူများနဲ့ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသားတိုးဝက် မွေးမြူရေးအတွက် မွေးမြူသူ ၄၉ ဦးကို ငွေကျပ် ၂၃၈၀ သန်း၊ ဥစားဘဲမွေးမြူသူ နှစ်ဦးကို ငွေကျပ် ၆၀ သန်း၊ အသားတိုးဝက် မွေးမြူသူ ၂၂ ဦးကို ငွေကျပ် ၇၆၅ သန်း၊ စုစုပေါင်း ငွေကျပ် ၃၂၀၅ သန်း ထောက်ပံ့ထုတ်ချေးပေးခဲ့ပါကြောင်း၊ ထပ်မံပြီး ထောက်ပံ့အရင်းအနှီးများကို ယခုနှစ်အတွင်းမှာ နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ အသားတိုးနွားမွေးမြူမှု ဖွံ့ဖြိုး တိုးတက်ရေး၊ သိုး/ဆိတ်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဥစားကြက် မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ငွေကျပ် ၅၄၅ သန်း တိုးချဲ့ထုတ်ချေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်များနှင့်ပတ်သက်ပြီး ပိုမိုစနစ်တကျရှိလာစေရေး၊ အောင်မြင်လာ စေရေး၊ မွေးမြူရေးလုပ်ငန်းများ ယခုထက် တိုးတက်ဆောင်ရွက်လာကြစေရေး၊ လုပ်ငန်းများ အဆင်ပြေပြေ ချောချောမွေ့မွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းအကြံပေး ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးထားမှု အခြေအနေများနှင့် မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)