နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင်  ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ကွင်းအမှတ် ၁၇၂၁ တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ဆောင်း သီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီ သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို စီမံဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလို ကြောင်း၊ ရေပေးမြောင်းများနှင့် ရေနုတ်မြောင်းများအတွင်း ပေါင်းမြက်များမရှိစေရေးကို အမြဲမပြတ် ရှင်းလင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများတွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧရိယာများတွင် ဆောင်းသီးနှံ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲနှင့် နေကြာမျိုးစေ့များကို တောင်သူများအားထောက်ပံ့ပေးအပ်ကြ သည်။

ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် နေပြည်တော်စက်မှု လယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးတို့က  ရေကြီးနစ်မြုပ်ခဲ့မှုကြောင့်ပျက်စီးခဲ့သည့် လယ်ယာမြေများ တွင် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးပြီး အဆိုပါကွင်းအတွင်း သီးနှံများပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် ထယ်ရေးထွန်ယက်နေမှုနှင့် မြေပြုပြင်ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၊ အားကစားရုံ၌ စခန်းသွင်းလေ့ကျင့်နေသော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အားကစား သမားများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖြည့်စွက်အားဖြည့်စာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် အာကစားနည်းအလိုက် အားကစားသမားများ လေ့ကျင့်နေမှုအ‌ခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ပိုင်ရှင်ဦးသောင်းကြည်၏ ခြံစနစ်ဖြင့် မွေးမြူထားသော နွားမွေးမြူရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိရစ္ဆာန်အစာများ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်များတွင် ကျရောက်တတ်သည့်ရောဂါများကြိုတင်ကာကွယ်နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ သီရီမင်္ဂလာခန်းမ၌ ကျင်းပသည့် လယ်ဝေးမြို့နယ်၏ ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ပြီး ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်း ရေကြီးရေလျှံမှု များဖြစ်ပွားခဲ့မှုတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများ ကို လည်းကောင်း၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဒေသဖွံဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်ပရခြင်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊  ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်  ဆောင်ရွက်ခဲ့ကြသည့်  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို လည်းကောင်း အသီးသီးပေးအပ်ပြီး ဂုဏ်ပြုခံရသူများကိုယ်စား မင်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တက်ရောက်လာကြသူများနှင့် နေလယ်စာ အတူတကွသုံးဆောင်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာတွင် လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင် ရွက်ပြီးစီးမှု အခြေအနေနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကို ကြည့်ရှု စစ်ဆေးပြီး လမ်းဘေးဝဲ/ယာတွင် ပန်းအလှပင်များစိုက်ပျိုးထားရှိရေး၊ မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ရန်နှင့် လိုအပ်သည် များကို မှာကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)