နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲ တက်ရောက်

ပျဉ်းမနား နိုဝင်ဘာ ၁

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ခံစားခွင့်များအနေဖြင့်ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များလည်း ဥပဒေနှင့်အညီခံစားခွင့်များ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကြောင့် ပြည်သူများသေဆုံးဒဏ်ရာရဖြစ်စဉ်များချပြခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဆက်စပ်မှုမရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကယ်ဆယ်ရေး/ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုစကားပြောကြား၍ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအား ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်အဖျက်သမားများကို လူထုအားဖြင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် နယ်မြေအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရေးနှင့် ပြည်ဖျက်သတင်းဌာနများ၏ မဟုတ်မမှန်သတင်းအမှားများအပေါ် ယုံကြည်မှုမရှိစေရေးတို့အား ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအားတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရာမှာ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စည်းကမ်းတကျစုဆောင်းမှုကို အလေးထားလုပ်ဆောင်ရန်လိုအပ်ကြောင်းတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

မျိုးသီဟ (ပြန်/ဆက်)