ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာ၊ ကျောက်တံတားခရိုင် ပညာရေးမှူး ဒေါ်မာလာရီ၊ ဒဂုံမြို့နယ် အ.ထ.က (၂) ကျောင်းအကျိုးတော်ဆောင်နာယက ဦးညွန့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စာဖတ်ရှိန်ပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “စာအုပ်စာပေလူ့မိတ်ဆွေ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံရဲ့ကောင်းမွန်တဲ့အနာဂတ်ကို ထုဆစ်ပုံဖော်နိုင်ဖို့ဆိုတာ မျိုးဆက်သစ်လူငယ်လူရွယ်တွေအပေါ်မှာ များစွာမူတည်နေပါကြောင်း၊ ဒါကြောင့် လူငယ်လူရွယ်တွေအတွက် မှန်ကန်တည့်မတ်တဲ့ အသိပညာ၊ အတတ်ပညာများရရှိရေး ဖော်ဆောင်ပေးရမှာဖြစ်ပါကြောင်း၊ အဲဒီလိုဖော်ဆောင်ပေးဖို့အတွက် ပညာရေးကဏ္ဍဟာ အခြေခံကျတဲ့အုတ်မြစ်ပဲ ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်တဲ့အမျိုးသားပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်မှုအဖြစ် အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊
အလားတူ အနှစ် (၃၀) နှစ်ရှည်စီမံကိန်းတွေလည်း ချမှတ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ပညာရေးကဏ္ဍကို အရှိန်အဟုန်နဲ့ကြိုးပမ်းဆောင်ရွက်နေသလို ပြည်သူတွေ အသိပညာ၊ အတတ်ပညာတိုးပွားစေဖို့အတွက် ဘက်ပေါင်းစုံက မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ် ၁၀၀ အုပ် လှူဒါန်းခဲ့ရာ ဒဂုံမြို့နယ်ပညာရေးမှူးနှင့် အ.ထ.က (၂) ကျောင်းအုပ်ဆရာကြီးတို့က လက်ခံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောမည့် အမျိုးသားစာပေဆုများရှင် စာရေးဆရာဟိန်းလတ်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အလှူရှင် (၁၀) ဦး၏ လှူဒါန်းမှုများအား တိုင်းဒေသကြီးဝန်ကြီးများက အသီးသီးလက်ခံခဲ့ကြသည်။
ထို့နောက် အမျိုးသားစာပေဆုများရှင် စာရေးဆရာဟိန်းလတ်က “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာပေဟောပြောခြင်း၊ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့စာပေယဉ်ကျေးမှုအမွေ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းတို့ ဆောင်ရွက်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)