ဟိုပုံး နိုဝင်ဘာ ၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများကိုအခြေခံကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အောက်တိုဘာလ (၃၀) ရက်နေ့နံနက် (၉)နာရီ အချိန်ကစတင်ကာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ဘင်ခရာအဖွဲ့မှ နိုင်ငံတော်အလံကိုအလေးပြုခြင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တာဝန်ရှိသူများကိုအလေးပြုပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့မှ အာရှကျားတေးသီချင်းဖြင့် တင်ဆက်ဖျော်ဖြေသည်။
ထို့နောက် စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပခဲ့ရာ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ထောက်ပံ့ငွေကျပ် (၁၆) သိန်းအား ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းကပေးအပ်ရာ ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက လက်ခံရယူပြီး အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။
ယင်းနောက် ဟိုပုံးတပ်နယ်မှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ မြန်မာစကားပုံပြိုင်ပွဲ၊ အထွေထွေဗဟုသုတပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ မူထက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် မူအောက်ဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ စသည်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲ (၁၁) ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆန်ကောရွက်၊ ခါးလှည့်၊ ဂုန်နီအိတ်စွပ်၊ မုန့်စား၊ ခုံဖိနပ်စီး၊ ကြိုးခုန်ပြေး၊ စကားပုံဆက်၊ အရုပ်ပေါက်နှင့် ရုပ်ပုံဆက် စသည့် ကာယစွမ်းရည်ပြိုင်ပွဲ (၉) ပွဲ၊ စာပေဟောပြောပွဲ၊ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ညနေ (၃) နာရီအချိန်တွင် စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က ထူးချွန်ဆုပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ထူးမြတ်အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ရှမ်းတိုင်းရင်းသားရိုးရာအကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဆက်လက်၍ ဟိုပုံးတပ်နယ်မှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူးဦးစိုးညွန့်ရွှေနှင့် တာဝန်ရှိသူများက စာပေဟောပြောပွဲတွင် ဟောပြောပေးသည့် စာပေပညာရှင်အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ဉာဏစွမ်းရည်ပြိုင်ပွဲ (၁၁) ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု အသီသီးရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူ (၄၄) ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ရွေမိုးငွေမိုးရွာသွန်းဖြိုး” သီးချင်းဖြင့် ဖျော်ဖြေ၍ အခမ်းအနားအား ပိတ်သိမ်းခဲ့သည်။
အဆိုပါ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဉာဏစွမ်းရည်ပြိုင်ပွဲများအနေဖြင့် စုစုပေါင်းပြိုင်ပွဲ (၁၁)ပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲများအနေဖြင့် စုစုပေါင်း (၉)ပွဲ၊ စာပေဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းထံမှ သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)