မော်လမြိုင် အောက်တိုဘာ ၃၁
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ထို့အပြင် ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြမည့်ဝန်ထမ်းများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်သွေးလိုအပ်နေသူများကို ဥပပါရမီအလှူဒါနဖြစ်သည့် သွေးလှူဒါန်းခြင်းသည် မွန်မြတ်လှကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံထမ်းဆောင်ပေးကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြသည့် ဝန်ထမ်းများအတွက် အားဆေးများ၊ ကြက်ဥနှင့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် (၃၆) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၄၆)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ (၁၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုရာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဆရာတော်သံဃာတော်အရှင်သူမြတ်များကို ပင့်ဖိတ်၍ ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာဖြစ်သည့်အတွက် အလှူရှင်များအနေဖြင့် တတ်အားသရွေ့ စုပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်း၊ ဒါ့အပြင် မော်လမြိုင်မြို့၊ ကျိုက်သလွံစေတီတော်မြတ်ကြီးနှင့် မဟာမြတ်မုနိဘုရားကြီးပရဝုဏ်အတွင်း တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ MSME ဈေးရောင်းပွဲတော်များကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ (၁၂)ခုဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အတွက် ကော်မတီအလိုက် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအသီးသီးမှ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)