ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအား ဂါရဝပြုတွေ့ဆုံ၊ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် သက်ကြီးဘိုးဘွားများအတွက် မွေးနေ့ပွဲအစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေး

မြစ်ကြီးနား အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အောင်ဇောရန်အောင် ဘိုးဘွားရိပ်သာ၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် သက်ကြီးဘိုးဘွားများအား ဂါရဝပြုတွေ့ဆုံပွဲနှင့် သက်ကြီးဘိုးဘွားများအတွက် မွေးနေ့အစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဘိုးဘွားများအား ဂါရဝပြုတွေ့ဆုံပွဲတွင် အောင်ဇေရန်အောင်ကျောင်းတိုက်၊ ဘိုးဘွားရိပ်သာနာယကဆရာတော် ဦးဥတ္တမသီရိက သြဝါဒစကားမြွက်ကြားပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ဘိုးဘွားများအတွက် ပျော်ပွဲရွှင်ပွဲများနှင့် တွေ့ဆုံပွဲများ ကျင်းပပြုလုပ်ပေးကြသည့်အတွက် တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်ရေးကာကွယ်စောင့်ရှောက်ရေးနှင့် ၎င်းတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် လူမှုရေးအသိဖြင့် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ သက်ကြီးရွယ်အိုများအား ကူညီခြင်း၊ ပြုစုစောင့်ရှောက်ခြင်းနှင့် လေးစားခြင်းတည်းဟူသော လူမှုတန်ဖိုးထားမှုများကို ကျောင်းများအပါအဝင် အများပြည်သူတို့အား အသိပညာပေးမှုကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များအားဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌက ဘိုးဘွားများနှင့် တွေ့ဆုံပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘိုးဘွားရိပ်သာအတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် (၁၁)သိန်းကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ထောက်ပံ့ငွေကျပ် (၁၁) သိန်းကို လည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြကာ ဘိုးဘွားရိပ်သာအတွင်းရှိ အသက် (၉၀) ကျော်ရှိ အဘွားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအတွက် အမှတ်တရလက်ဆောင်များနှင့် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ဘိုးဘွားများအတွက် ပျော်ပွဲရွှင်ပွဲအဖြစ် တေးသီချင်း သီဆိုဖျော်ဖြေ၍ ပျော်ရွှင်စွာ ကပြဆင်နွှဲခြင်းနှင့် ရိပ်သာမှ အောက်တိုဘာလအတွင်း မွေးနေ့ကျရောက်သည့် သက်ကြီးဘိုးဘွား (၇) ဦးတို့အား မွေးနေ့ပွဲကျင်းပပေးခြင်းတို့ကို ဘိုးဘွားများနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)