နေပြည်တော် အောက်တိုဘာ ၃၁
နေပြည်တော်ကောင်စီအသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)တွင်ကျင်းပရာ နေပြည်တော် အသေးစားငွေရေးကြေးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာ့စီးပွားဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍသည် ကျေးလက်နေပြည်သူများနှင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုရရှိရန်များစွာ အထောက်အကူပြုသော လုပ်ငန်းကဏ္ဍဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေးသည့် အဖွဲ့အစည်းအနေဖြင့် အခြေစိုက်(၂၂) ဖွဲ့၊ နယ်မြေတိုးချဲ့ အဖွဲ့(၁၉)ဖွဲ့၊ စုစုပေါင်း(၄၁)ဖွဲ့ရှိပြီး ပြည်ထောင်စုနယ်မြေ၊ မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၅၇)ရပ်ကွက်၊ ကျေးရွာ(၆၁၆)ရွာရှိ အသင်းသား (၁၉၀၇၈၃)ဦးအား ဝန်ဆောင်မှုပေး နေသည်ကိုလည်း တွေ့ရမှာဖြစ်ပါကြောင်း၊ အသေးစားငွေကြေးဝန်ဆောင်မှုပေးရာတွင် သတ်မှတ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးမှ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း၊ နယ်မြေတိုးချဲ့လျှောက်ထားခြင်း၊ လိုင်စင်အပ်နှံခြင်း၊ နယ်မြေအပ်နှံခြင်းတို့ကို လုပ်ငန်း လိုအပ်ချက်အရတင်ပြလာပါက လုပ်ငန်းကော်မတီမှ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် အသေးစားငွေရေးကြေးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ဆုံးဖြတ်ရန်ကိစ္စများရှိလာပါက ကော်မတီဝင်များနှင့် အထူးဖိတ်ကြားထားသောဌာနများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် ချေးငွေထုတ်ချေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မူဝါဒများ၊ လုပ်လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဌေးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာများနှင့် ယခင်အစည်းအဝေးဆုံးဖြတ်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြခဲ့ကြရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)