ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလ-တွံတေး ကားလမ်းမကြီးဘေး ဗညားဒလရပ်ကွက်ရှိ အမှတ်တရ ဗိုလ်ချုပ် ပန်းခြံ၌ အများပြည်သူ ကိုယ်လက်အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးအားကစား ပစ္စည်းများကို မြေယာရှုခင်းနှင့် အားကစားကွင်းများ လုပ်ငန်းမှ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြ အေး ကနေပြီးတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ကျန်းမာရေးပစ္စည်းတွေ ရရှိဖို့အတွက် အကူအညီ တောင်းပေးတယ်၊ ကိုယ်လက်ကျန်းမာရေးအတွက် အားကစားပစ္စည်းတစ်စုံမှာ ၄ မျိုးပါတဲ့ အစုံ ၅ စုံ၊ စုစုပေါင်း ၂၀ ခု ရရှိပါတယ်၊ စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းချိတ်ဆက်ပြီး ခုလက်ရှိအချိန်မှာ အမှတ်တရ ဗိုလ်ချုပ်ပန်းခြံမှာ တပ်ဆင်ဆောင်ရွက်နေတာပါ၊ ပစ္စည်းတွေ ရေရှည်ခိုင်ခံ့အောင် အောက်ခံကွန်ကရစ်လုပ်ငန်း ပြုလုပ်ဖို့က ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဘက်ဂျက်နဲ့ ဆောင်ရွက်မှာပါ၊ ဒီနှစ် ဘက်ဂျက်မှာ LED မီးသီး ဓာတ်တိုင် ၁၅ တိုင် ပန်းခြံထဲမှာ ဆိုက်မယ်၊ ခါးလှည့်၊ ခြေလွှဲ၊ လက်လွှဲ၊ ပြေးစက် စသည့် အားကစား ပစ္စည်း ၄ မျိုးပါသည့် အခု ၂၀ နဲ့ စီးလျှော၊ ဒါန်း အစရှိတဲ့ ကလေးကစားစရာ ပစ္စည်းများကို တပ်ဆင်ပေးသွားမှာပါ၊ ဒီဇင်ဘာလ နောက်ဆုံး အပတ်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ် ” ဟု ပြောသည်။
ဒလမြို့နယ်၌ အများပြည်သူ အပန်းဖြေအနားယူနိုင်သော ပန်းခြံအနေဖြင့် ဗညားဒလရပ်ကွက်ရှိ အမှတ်တရ ဗိုလ်ချုပ် ပန်းခြံ တစ်ခုသာရှိပြီး၊ ကလေးကစားကွင်း စုစုပေါင်း ၄ ခုရှိကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသော ကာလအတွင်း အဆိုပါ အမှတ်တရ ဗိုလ်ချုပ်ပန်းခြံကို ယာယီပိတ်ထားကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
နိုင်လင်းကျော်(ဒလ)