နေပြည်တော် အောက်တိုဘာ ၃၁
နေပြည်တော် ကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ဒေသတွင်းစားသုံးမှုလိုအပ်ချက်နှင့် ဒေသတွင်း ထုတ်လုပ်နိုင်မှုပမာဏတို့ကိုချိန်ဆ၍ ညီညွတ်မျှတစေရန်နှင့် ဒေသတွင်းစားသုံးမှုပမာဏ၊ ဒေသတွင်းထုတ်လုပ်မှုပမာဏကို အနီးစပ်ဆုံးတိကျမှန်ကန်စွာသိရှိဖို့ လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှုနှင့်သုံးစွဲမှုလိုအပ်ချက် (Demand and Supply)ကို ချိန်ဆတွက်ချက်နိုင်မှသာ လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် သာမန်ပြည်သူများနှင့် ပုံမှန်ဝင်ငွေရရှိသူများအပေါ် ကြီးမားသော သက်ရောက်မှုကိုဖြစ်စေရုံသာမက သာမန်စားသုံးသူများ၏ဝယ်လိုအားကို ကျဆင်းသွားစေသောကြောင့် အချို့သောစားသောက်ကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှုအပေါ်တွင်လည်း အကျိုးသက်ရောက်မှုကိုဖြစ်ပွားစေပါကြောင်း၊ စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးအမျိုးမျိုး၊ ဓာတ်မြေဩဇာစသည့် ပြည်ပမှ ဝယ်ယူတင်သွင်းရသော ကုန်ပစ္စည်း ဈေးနှုန်းများ အလွန်အမင်းမြင့်တက်မလာစေရန်နှင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများဖြစ်သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများတည်ငြိမ်စေရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ဆွေနွေး ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ဆွေးနွေးတင်ပြများချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)