နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရာဂီမုန်တိုင်းကြောင့် သဘာဝဘေး ဖြစ်ပွားခဲ့သည့် မြို့နယ်များ၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနကြီးမှူးများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရာက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ချောင်းရေ၊ မြစ်ရေများ ရုတ်တရက် မြင့်တက်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါရေကြီး/ရေလျှံမှု ဖြစ်ပွားခဲ့သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များက အသက်ကယ်စက်လှေများဖြင့် ခက်ခက်ခဲခဲကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်ပြီး ရေလွတ်ရာသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြရပါကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်(၅)မြို့နယ်ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ရပြီး ယခုအခါကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် လူသေဆုံးမှုများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများ၊ လျှပ်စစ်မီးတိုင်များ၊ စိုက်ပျိုးလယ်ယာမြေများ၊ တိရစ္ဆာန်များ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ ရေဘေးကြုံတွေ့ခဲ့ရသည့် တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ယာယီရေဘေးရှောင် စခန်းများ ဖွင့်လှစ်ပြီး နေထိုင်ရန်နေရာစီစဉ်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများထံသို့ လူမှုအဖွဲ့အစည်းများမှ ကူညီထောက်ပံ့သည့် ပစ္စည်းများကို စီမံကြီးကြပ်ပေးကြသည့် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများမှ ထောက်ပံ့ကုသိုလ်ပြုခဲ့သည့် အစားအသောက်များ ဝေငှခြင်း၊ သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ခြင်း စသည့် ပရဟိတသမားများ လက်တွဲညီညီ အင်တိုက်အားတိုက်နှင့် ပါဝင်ဆောင်ရွက်ကြသည့် အတွက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း ရာဂီမုန်တိုင်းကြောင့် သဘာဝဘေး ဖြစ်ပွားခဲ့သည့် မြို့နယ်များ၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်များ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကြရာ ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများကိုယ်စား နေပြည်တော်မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တက်ရောက်လာကြသူများနှင့် နေလယ်စာ အတူတကွသုံးဆောင်ပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)