ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မြစ်ကြီးနား အောက်တိုဘာ ၃၁

ကချင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ထိခိုက်မှု၊ ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရေး အသိပညာပေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (KRSC)၏ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် ကောင်စီအဖွဲ့ဝင်များ၏ဆောင်ရွက်ပြီးစီးမှု၊ တိုးတက်မှုအခြေအနေများအရ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစီအမံများဖော်ဆောင်နိုင်ရေးအတွက် ထိရောက်သည့် ပံ့ပိုးမှုများပေးနိုင်ရေး၊ ပြည်သူများကိုလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရှိနားလည်ပြီး ပိုမိုလေးစားလိုက်နာလာစေရေး အဓိကဦးတည်ဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်အလေးထားပြီး ဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဆပ်ကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာပေးအစီအစဉ်များနှင့် စစ်ဆေးဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုအပေါ်တွေ့ရှိချက်များနှင့် ရှေ့လုပ်ငန်းအစီအမံများ၊ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မီးရထားသံလမ်းနှင့် ကားလမ်းဆုံနေရာများရှိ ဂိတ်တားများအား ဆောင်ရွက်သွားမည့်အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်းအမှတ်အသားဆိုင်းဘုတ်များ ထင်သာမြင်သာရှိအောင် တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အန္တရာယ်ရှိသည့် လမ်းဆုံလမ်းခွများတွင် မီးပွိုင့်များတိုးချဲ့တည်ဆောက်ရေးနှင့် ပိုမိုထိရောက်သည့် လုပ်ငန်းအစီအမံများဖြစ်စေရေး ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၂၉ ရက် ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှတာဝန်ရှိသူများနှင့် ဓာတ်မြေသြဇာဝယ်ယူတင်သွင်းခွင့်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း သီးနှံစိုက်စွမ်းအားမြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်အောင် ရရှိရေးအတွက် သီးနှံစိုက်အသင်းအဖွဲ့များ၊ တောင်သူများအား စည်းရုံးဆောင်ရွက်လျက်ရှိသည့်အပြင် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် သွင်းအားစုများရရှိရေးအတွက်ကိုလည်း လုပ်ထုံး/လုပ်နည်းနှင့်အညီ ကြိုးစားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်နှစ်ဆောင်းရာသီတွင် သီးနှံစိုက်တောင်သူများအတွက်လိုအပ်သည့် ဓာတ်မြေသြဇာပမာဏကိုတွက်ချက်၍ ဥပ‌ဒေလုပ်ထုံး/လုပ်နည်း ညွှန်ကြားချက်များနှင့်အညီ တင်သွင်းခွင့်ရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနှင့် ဦးဆောင်ကော်မတီသို့  ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် မြေသြဇာတင်သွင်းရာတွင် လုပ်ထုံး/လုပ်နည်းနှင့်အညီ တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးလရစ်နှင့်တာဝန်ရှိသ များက တစ်သျှူးငှက်ပျော၊ ဖရဲ၊ ဖရုံ၊ ငရုတ်စသည့် သီးနှံစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ဧကအလိုက် ဓာတ်မြေသြဇာလိုအပ်ချက်များနှင့် တင်သွင်းခွင့်ရရှိရေးဆောင်ရွက်ရမည့်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နောင်နှစ်ဆောင်းရာသီအတွက် သီးနှံစိုက်ပျိုး‌ရေးလုပ်ငန်းများတွင်အသုံးပြုသွားမည့် ဓာတ်မြေသြဇာတင်သွင်းခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကြိုတင်လုပ်ဆောင်နိုင်ရေးနှင့် ဦးဆောင်ကော်မတီသို့ ညှိနှိုင်းအကြောင်းကြားတင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်