ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်

ငါန်းဇွန်    အောက်တိုဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါန်းဇွန်အ.ထ.က အောင်ဆန်းခန်းမ၌ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က HIV, AIDS ရောဂါလက္ခဏာများအကြောင်းနှင့် အဆိုပါရောဂါများ ကူးစက်မှုမဖြစ်ပေါ်စေရေးနည်းလမ်းများကို သတိပြု ဆင်ခြင်နိုင်ရန် ရှင်းလင်းဟောပြောပြီး ကျန်းမာရေးမှူး ဦးမျိုးကိုဦးက ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် သွားဘက်ဆရာဝန် ဒေါက်တာဇင်မင်းထက်က သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားတစ်ချောင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ သွားဖုံးသား တည်ဆောက်ပုံ၊ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ စသည့်အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုပါဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ကြသော ကျောင်းသား/သူများနှင့် ပညာသင်ကြားလျက်ရှိသော မူလတန်း၊ အလယ်တန်းအဆင့် စာသင်ခန်းများမှ ကျောင်းသား/သူများအား သွားတိုက်ဆေး၊ သွားတိုက်တံများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး KG တန်း ကျောင်းသား/သူများအား သွားကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)