မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

လယ်ဝေး အောက်တိုဘာ ၃၁

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပသည်။

 အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ လယ်ဝေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းလူငယ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံမှသာ လူငယ်များဖြစ်လာစေရန် မြင့်တင်ဆောင်ရွက်ရေး ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက်သင်တန်းတက်ရောက်မည့် မသန်စွမ်း သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြဆရာများနှင့်မိတ်ဆက်ပေးသည်။

အဆိုပါသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးတက်ရောက်လျှက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)