မြစ်ကြီးနား အောက်တိုဘာ ၃၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနား မြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်းပုံကျေးရွာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်းပုံကျေးရွာအတွင်းရှိ ပိုင်ရှင်ဦးဇော်ဆိုင်း၏ ခြံသို့ သွားရောက်ပြီး ခြံဝင်း ဧက (၂၀)အတွင်း ငါးမွေးမြူရေးကန်များ ဖြင့် ငါးများမွေးမြူထားရှိလျက်ရှိသည့်အပြင် ကျန်ဧရိယာများတွင် ငွေတိုးစပါးများ စိုက်ပျိုးထားရှိမှု၊ ပန်းအလှပင်များနှင့် မြေယာရှုခင်းများ ပြင်ဆင်ပြီး အများပြည်သူ အပန်းဖြေနေရာ၊ မိုတယ်တစ်လုံး နှင့် ပုဂ္ဂလိကပိုင် ဆေးရုံငယ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးအတွက် မျိုးပြောင်းလဲစိုက်ပျိုး နိုင်ရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းအတွက် စနစ်ကျမွေးမြူနိုင်ရန် နည်းပညာများ ပံ့ပိုးပေးနိုင်ရေးနှင့် ငါးမျိုးများ ချိတ်ဆက်ထောက်ပံ့ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် အဆိုပါ ကျေးရွာအတွင်းရှိ ၎င်းပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးခြံသို့ ထပ်မံသွားရောက်ပြီး အဆိုပါ ခြံဝင်း (၁၅)ဧကအတွင်း မိုးစပါး စိုက်ပျိုးထားရှိမှု၊ စီးပွားဖြစ် ရောင်းချနိုင်ရေး စိုက်ပျိုးဆောင်ရွက်ထားရှိသည့် ခရမ်းချဉ်သီး၊ ပဲရှည်သီး၊ ချဉ်ပေါင်၊ ဖရုံ၊ ကိုက်လံ၊ မုန်ညှင်းစသည့် ဟင်းသိးဟင်းရွက်ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများကို ပံ့ပိုးကူညီပေးခြင်းဖြင့် ဒေသတွင်း သီးနှံစိုက်စွမ်းအား တိုးမြှင့်ပေးခြင်းဖြစ်ပြီး သီးနှံစိုက်စွမ်းအား တိုးမြှင့်လာသည်နှင့်အမျှ မိမိတို့ပြည်နယ်၏ စားရေရိက္ခာဖူလုံပေါများလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ လယ်စိုက် တောင်သူများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအား စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ တောင်သူများ ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးနည်းပညာများနှင့် စပ်လျဉ်း၍ နည်းလမ်းတကျဖြစ်စေရေး၊ လိုအပ်သည့် သွင်းအားစုများရရှိအောင် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးကြရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနရုံး၌ နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ဌာနေတိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးကို အလေးထား ကျင်းပပေးသည့် ပြိုင်ပွဲဖြစ် သည့်အတွက် ကြိုးစားပါဝင်ယှဉ်ပြိုင်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကချင်တိုင်းရင်းသားမျိုးနွယ်စု (၆)မျိုးမှ ပြိုင်ပွဲဝင် ဘောလုံးအသင်းများအတွက် အားကစားဝတ်စုံများနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းစီဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၃၀)ကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ရှမ်း တိုင်းရင်းသားမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားပြိုင်ပွဲဝင် ဘောလုံးအသင်းများအတွက် အားကစားဝတ်စုံများနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းစီဖြင့် စုစုပေါင်းငွေကျပ်သိန်း(၃၀)ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ(၅/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေ ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးမြှင့်လာစေရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြည်နယ်ကော်မတီသို့ မြေအသုံးပြုခွင့်တင်ပြ လျှောက်ထားလာမှုများအပေါ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အကျိုးရှိ ဖြစ်ထွန်း နိုင်သည့် လုပ်ငန်းများဖြစ်စေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆွေးနွေးဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ကော်မတီမှ ဆွေးတွေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေအသုံးချခွင့် အတွက် ပြည်နယ်ကော်မတီသို့ လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့်အတူ လုပ်ငန်း အမှုတွဲများအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ရွေးချယ်လေ့ကျင့်ပြင်ဆင်နိုင် ရေး ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် Brother FC အသင်းနှင့် မလိခအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်