ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်

စစ်တွေ   အောက်တိုဘာ   ၃၁

နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပပြုလုပ်မည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအသင်းအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာ့ရိုးရာ ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာမပျက်အောင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်းချက်အရ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေပန်းရင်ပြင်တော်တွင် တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၄ခုနှစ်  နိုဝင်ဘာလ(၁၅)ရက်တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအသင်း (၁၅)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ၊နိုဝင်ဘာလ (၁၃)ရက်နေ့တွင်ယှဉ်ပြိုင်မည်ဖြစ်၍ ရခိုင်ပြည်နယ် ကိုယ်စားပြုအသင်းအနေဖြင့် တော်ဝင်သဇင် အသင်းအမည်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲဝင်ရောက်မည်ဖြစ်သည့်အတွက် ပြည်နယ်၏ဂုဏ်သိက္ခာကို ဆောင်နိုင်ရန်လိုမည်ဖြစ်ကြောင်း၊  အသင်း အုပ်ချုပ်သူအနေဖြင့် အသင်းသားများအား မိသားစုစိတ်ဓာတ်ဖြင့်  တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အသင်းအုပ်ချုပ်သူများ၏ ညွှန်ကြားချက်အတိုင်း ကုသိုလ်သဒ္ဒါ စိတ်ကိုအရင်းခံ၍ ဆုတံဆိပ်များရရှိအောင် အားကြိုးမာန်တက် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ် ကြောင်း၊ စုပေါင်းဆောင်ရွက်မည်ကိစ္စဖြစ်၍ (Team Work) ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ရခိုင် ပြည်နယ်ကိုယ်စားပြု အသင်းအနေဖြင့် သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းနှင့် ယှဉ်ပြိုင်ရန် လိုအပ်ကြောင်း၊ မသိုးသင်္ကန်းရက် လုပ်သည့်အခါတွင်လည်း ဝိနည်းတော်နှင့် အညီရက်လုပ်ရန် လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် ကျင်းပခြင်းဖြစ်၍ မြတ်စွာဘုရားရှင်အား မသိုးသင်္ကန်းဖြင့် ဆက်ကပ်ပူဇော်လှူဒါန်းခြင်းဖြစ်သည့်အတွက် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ဖြင့်  ယှဉ်ပြိုင်ပူဇော်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ် ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် တော်ဝင်သဇင် ရက်ကန်းအဖွဲ့သားများအားလုံး ကျန်းကျန်းမာမာဖြင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါစေကြောင်းနှင့် ဆုတံဆိပ်များလည်း ဆွတ်ခူးနိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက်  ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲသို့ သွားရောက်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရက်ကန်းအဖွဲ့ထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)