နေပြည်တော် အောက်တိုဘာ ၃၀
နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင် ဆီစက်လုပ်ငန်းရှင်များအား ဖွင့်လှစ်ပို့ချသည့် အသိပညာပေးသင်တန်းသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် စားအုန်းဆီတင်သွင်းမှုလျော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ကြိတ်ခွဲရေးကြီးကြပ်မှု ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများ၊ ဆီစက်လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီတင်သွင်းမှုလျှော့ချရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တောင်သူများမှ ကြိုးစားဆောင်ရွက်သွားရန် လိုပါကြောင်း၊ ဆီစက်များ စက်စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေး၊ ဆီစက်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် စျေးကွက်ရရှိရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပြည်သူများမှ စားသုံးဆီအား ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် အသိပညာပေးပွဲများ၊ ဓာတ်ခွဲစမ်းသပ်ခြင်းများအား ကြီးကြပ်မှုကော်မတီဝင်များနှင့် ဆီလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တာဝန်ခံဥတ္တရခရိုင်ဦးစီးမှူး ဒေါက်တာနှင်းနှင်းဝေက ကျန်းမာရေးနှင့်ညီညွှတ်သည့် အရည်အသွေး ပြည့်မီသော စားသုံးဆီထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် (FDA) လက်မှတ်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဦးက ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဆီစက်လုပ်ငန်းများ စက်စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်သင့်သည့် အချက်များအား လည်းကောင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုသက်က အသေးစားဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နေပြည်တော်ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်နွယ်က ကုမ္ပဏီမှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့်အချက်များနှင့် ရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုချက် ရယူခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်နိုင်က ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ကပ်နှိပ်ဖော်ပြရန်အချက်များနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအားလည်းကောင်း၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးစိုးနိုင်က နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများအား အသီးသီးဆွေးနွေးပို့ချခဲ့ကြရာ ဆီစက်လုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီဝင်မှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆီစက်လုပ်ငန်းရှင် (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)