ကျိုင်းတုံ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဒေသဗဟုသုတရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ကျောင်းတွင်းဘာသာရပ်များ သင်ကြားမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပ ကွင်းဆင်းလေ့လာရေးခရီးကို ပို့ဆောင်ပေးခဲ့ကြေင်း သိရသည်။
အဆိုပါ ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီး ပို့ဆောင်ရာတွင် ကျိုင်းတုံမြို့ မိုင်းခွန်အုပ်စု၊ ဝမ်အွယ်ကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၂၁) ဦးတို့အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော ခရိုင်ဦးစီးမှူး ဒေါ်ခင်မာလာစိုး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများက ပြည်နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်း သဘာဝ(စူပါဘိုကာရှီ) မြေဩဇာပြုလုပ်သုံးစွဲနည်းကို လက်တွေ့သရုပ်ပြခဲ့ပြီး ကျိုင်းတုံ-လွယ်မွေသွားလမ်းရှိ ပိုးစာခြံတွင် ပိုးမွေးမြူရေးစနစ်နှင့် ပိုးစာပင်အကြောင်း လေ့လာခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနရုံးတွင် ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုးထားသော သီးနှံများလေ့လာခြင်း၊ ကော်ဖီပျိုးထောင်နည်းစနစ်များကို စိတ်ဝင်တစား လေ့လာခဲ့ကြရာ သက်ဆိုင်ရာဌာနမှာ တာဝန်ရှိသူများက သိရှိလိုသည်များကို လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ယန်းလောအုပ်စု တွင်ဆောင်ရွက်ထားရှိသော မျိုးစေ့ထုတ်စိုက်ခင်းမှ ခေါင်နှံယူ မျိုးသန့်ပွားနည်း၊ စပါးပင်များတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများအကြောင်းကို လက်တွေ့ကွင်းဆင်းလေ့လာခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)