ပျော်ဘွယ် အောက်တိုဘာ ၂၉
ပျော်ဘွယ်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် နေအိမ်ပျက်စီးသူများ၊ လူသေဆုံးမှုများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် အလှူငွေများအား ထပ်ဆင့်ပေးအပ်ပွဲကို အောက်တိုဘာလ (၂၈) ရက်၊ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က မြို့နယ်အတွင်းရေဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများ၊ ကူညီထောက်ပံ့ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ရေဘေးအန္တရာယ်ခံစားခဲ့ရသူများအနေဖြင့်လည်း စိတ်အားငယ်မှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် အလှူငွေများကို ထပ်ဆင့်ပေးအပ်သည်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးခဲ့သည့်(၂၉)အိမ်အတွက် တစ်အိမ်လျှင်ငွေကျပ် (၂,၃၅၀,၀၀၀)၊ ရေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ပြည်သူ(၁၆)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၅၀၀,၀၀၀)ကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)