ပင်းတယမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်များသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံ

ပင်းတယ အောက်တိုဘာ ၂၉

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းများသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်က အဖွင့်အမှာစကားပြောကြားပေးသည်။ ထို့နောက် ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက်က္ကသိုလ်၊ ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်းအမှတ်စဉ် (၁၂)သို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား စည်းကမ်းချက်များကို လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်သက်ခိုင်မှ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ပထမနှစ် (ရန်ကုန်၊ စစ်ကိုင်း) သို့ တက်ရောက်မည် သင်တန်းသား/သင်တန်းသူများအား စည်းကမ်းချက်များကို  ရှင်းလင်းပြောကြားပေးသည်။

အဆိုပါ သင်တန်းများသို့ တက်ရောက်သင်ကြားမည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၃) ဦးရှိကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)