တောင်ကြီး အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နမ့်ခုတ် - စံဖူး - ရွာသစ်လမ်းပိုင်း ပြုပြင်နေမှုအား အောက်တိုဘာ ၂၇ ရက် နံနက် ၁၁ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးနှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားသဖြင့် လမ်းသားပဲ့ကျပျက်စီးခဲ့သော နမ့်ခုတ် - စံဖူး - ရွာသစ်လမ်းပိုင်း မိုင်တိုင်အမှတ် ၂/၀ ၊ ၃/၂ ၊ ၄/၅ ၊ ၅/၆ ၊ ၉/၀ ၊ ၁၀/၀ နှင့် ၂၄/၆ တို့တွင် စက်ယန္တရားများဖြင့် လမ်းပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်၊ လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာတို့က လမ်းပိုင်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး၊ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ လမ်းကြောပိတ်ဆို့မှု မရှိစေရေးအတွက် စနစ်တကျဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)