လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်း ငွေနှစ်ခု ကြေးနှစ်ခုရရှိ

ရန်ကုန် အောက်တိုဘာ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တရုတ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိခဲ့‌သည်။

မြန်မာပိုက်‌ကျော်ခြင်းအားကစားအဖွဲ့တွင် အဖွဲ့‌ခေါင်း‌ဆောင် ဦးစိုင်း‌ဇော်ထွန်းလင်း၊ နည်းပြများ၊ အုပ်ချုပ်သူများ၊ ဒိုင်များနှင့် အားကစားသမားများသည် ယမန်နေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်‌ရောက်ရှိလာရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်မြတ်နှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ၊ လာအိုအသင်းနှင့် ဗီယက်နမ်(B)အသင်းတို့က ပူးတွဲတတိယဖြင့် လည်း‌ကောင်း၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ၊ တရုတ်အသင်းနှင့် ဗီယက်နမ်(B)အသင်းတို့က ပူးတွဲတတိယ၊ အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ ဗီယက်နမ်(A)အသင်းက ဒုတိယ၊ မြန်မာအသင်းနှင့် လာအိုအသင်းတို့က ပူးတွဲတတိယဖြင့်လည်း‌ကောင်း၊ အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ ဗီယက်နမ်(A)အသင်းက ဒုတိယ၊ မြန်မာအသင်းနှင့် တရုတ်အသင်းတို့က ပူးတွဲတတိယ ရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအ၀င် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယမ်နမ်နိုင်ငံတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)