ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲသို့တက်ရောက်

ဆီဆိုင် အောက်တိုဘာ  ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ယခုလို အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှု အတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ အိမ်တွင်းမှုသင်တန်းကျောင်းတွေကို ငွေကြေးအမြောက်အများကုန်ကျခံကာ ဖွင့်လှစ်ပေးရခြင်းမှာ တိုင်းရင်းသူအမျိုးသမီးငယ်များအတွက် အိမ်တွင်းအသက်မွေးမှု အတတ်ပညာများ တိုးပွားစေရုံသာမက လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျှော့ချရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ပြီး စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ အသက်မွေးဝမ်းကျောင်းပညာနဲ့ ဗဟုသုတများကို ထူထူးချွန်ချွန် တတ်မြာက်အောင် လေ့လာသင်ယူကြပြီး လက်တွေ့နယ်ပယ်မှာ အကျိုးရှိရှိအသုံးချကြစေလိုကြောင်း ပြောကြားသည်။

 ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမမှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အဖွဲ့သည် သင်တန်းကျောင်းမှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြပြီးနောက်  သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ(၃၀)ဦး တက်ရောက်ကြပြီး သင်သန်းကာလမှာ  အောက်တိုဘာလ ၂၈ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)