မြစ်ကြီးနား အောက်တိုဘာ ၂၉
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဖွံ့ဖြိုးရေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ အမှတ် (၁၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ထူးချွန်ထက်မြက်သည့်၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ အတ္တနှင့်ပရမျှတသော၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်း ကမ်းကောင်းမွန်သော လူကောင်းလူတော်များ ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ယခုလိုပူးပေါင်းပြီး ဆောင်ရွက်နေမှုများကိုလည်း အထူးပင်မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း အားပေးတိုက်တွန်းပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကိုက အခြေခံပညာကျောင်းများတွင် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ဆုများကိုပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လူငယ်ဖွံ့ဖြိုးရေးပြိုင်ပွဲအဖြစ် ပြုလုပ်ကျင်းပခဲ့သော အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် သုတရသစာအုပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသူလေးများ ကရင်တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ) ရပ်ကွက်အတွင်းရှိ “ချမ်” မွေးမြူရေး၊ အလှပန်းပင်စိုက်ပျိုးရောင်းဝယ်ရေးဆောင်ရွက်သည့် ပိုင်ရှင် ဦးဟောင်းဇယ်၏ ခြံဝင်းအတွင်း မျိုးမြင့်ဖစ်ရှန်နို့စားနွားကောင်(၈၀)ကျော် မွေးမြူထားရှိပြီး ၎င်းတို့မိသားစုကိုယ်တိုင် နွားများအတွက် နွားစာအဖြစ် နေဗွီယာမြက် စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် နွားစာအဖြစ် ကောက်ရိုးထုံးစက်ဖြင့် ထုတ်လုပ်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကိုမေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွေးမြူရေး အထောက်အကူပြုဆေးဝါးများ၊ ခြံဖျန်းပိုးသတ်ဆေးများနှင့် အာဟာဖြည့်စွက်စာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ခြံဝင်းအတွင်း ကချင်ပြည်နယ်အတွင်း ဖြစ်ထွန်းပေါက်ရောက်သည့် သစ်ခွမျိုးစုံနှင့် အခြားပန်းပင်၊ အလှပင်မျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးအောင်မြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ပိုင်တစ်နိုင်မှ မိသားစုစီးပွားဖြစ်ထွန်းအောင်မြင်နေမှုကို အားပေးဆောင်ရွက်လျက်ရှိသည့်အပြင် ရင်းနှီးမတည်ငွေလိုအပ်ပါ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံမှ ချေးငွေချထားပေးနိုင်ရေးနှင့် မွေးမြူရေးနှင့် ပတ်သက်သည့် နည်းပညာလိုအပ်ချက်၊ ဆေးဝါးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်ဘောလုံးကွင်းအတွင်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အသက် ၂၀ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လက်ရွေးစင်အားကစားသမားများ စိစစ်ရွေးချယ်စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ကျင်းပပြုလုပ်လျက်ရှိသည့် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက် (၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် နောင်ရာ FC ဘောလုံးအသင်းနှင့် မန်ခိန်ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ဘောလုံးအားကစားဝါသနာရှင်များ၏ အားပေးမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)