မိုင်းယောင်း နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူတိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်မှုရှိရန် ယမန်နေ့ညနေပိုင်း က မြို့နယ်တြိဂံလမ်းဆုံနေရာ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကားမောင်းသူများ၊ ဆိုင်ကယ်မောင်းနှင်သူများနှင့် အိမ်အပြင်ထွက်၍ သွားလာသူတိုင်း နှာခေါင်းစည်း (Mask)တပ်၍ သွားလာကြဖို့အတွက် အသိပညာပေးကာ Mask တပ်ဆင်ရန် လိုက်နာမှုမရှိသူများအား နှာခေါင်းစည်း (Mask) တစ်ခုကို နှစ်ရာကျပ်နှုန်းဖြင့် ချက်ချင်းဝယ်ယူ၍ တပ်ဆင်သွားလာစေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးကို ကြပ်မတ်စစ်ဆေးနေ၍ ပြည်သူများလည်း Mask တပ်ဆင်ခြင်းကို ပူးပေါင်းပါဝင်လာကြကြောင်း Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
အားချာ(ပြန်/ဆက်)