ရန်ကုန် အောက်တိုဘာ ၂၉
မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် အသက် (၇၅) နှစ်ပြည့် သက်ကြီးသတင်းထောက်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့ နံနက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရား သန္တိသုခဓမ္မာရုံတော်ကြီး၌ ကျင်းပသည်။
ဦးစွာ အသက် ၁၀၅ နှစ်ရှိ သတင်းထောက်ကြီး ဦးဆိုက်ကျင်းအား အခမ်းအနားသို့ တက်ရောက်လာကြသူများက ရှိခိုးကန်တော့ကြပြီး မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့ နာယက ဦးရဲမြင့်ဖေနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ၊ ဆေးဝါးများဖြင့် ဂါရဝပြုကန်တော့ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
အခမ်းအနားတွင် မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့ နာယက ဦးရဲမြင့်ဖေက အမှာစကားပြောကြားပြီး မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက သက်ကြီးသတင်းထောက်ကြီးများအား ဂါရဝပြုကန်တော့ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ကန်တော့ခံသတင်းထောက်ကြီး ၁၇ ဦးကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် လက်ဆောင်ပစ္စည်းများ ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)