ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အဖွဲ့ မြို့သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး  အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့ပေါ်ရှိ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမသို့ရောက်ရှိရာ ပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ခန်းမဥပတိရုပ်ကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ခန်းမအတွင်းအပြင် သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ်မီးများစနစ်တကျဖြစ်စေရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည်  ဗိုလ်ချုပ်လမ်းဘေးဝဲယာတစ်လျှောက် ဆေးသုတ်နေမှုများ၊ မြကန်သာပန်းခြံအတွင်းရှိ ရေကန်ပတ်လည်ကန်ဘောင်များ၊ ပန်းခုံများဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ သပြေပင်ခြံရှိ သစ်ပင်ခုတ်ထွင်ရှင်းလင်းနေမှုနှင့်ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှုများ၊ ရှုခင်းသာပန်းခြံရှေ့ရှိ ကွန်ကရစ်ရေမြောင်းဆောင်ရွက်နေမှုများနှင့် အနောက်မြို့ပတ်လမ်း လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အဝေရာမီးပုံးပျံကွင်း ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းကဏ္ဍများအလိုက် လျင်မြန်စွာဆောင်ရွက်ပြီးစီးရေး၊ စံချိန်စံညွှန်းကိုက်ညီရေး၊ ရေရှည်ကောင်းမွန်ရေး၊ ပြည်သူများအတွက် အကျိုးပြုထိရောက်မှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်(တောင်ကြီး)