မိုင်းဖြတ် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်ကို အသစ်ပြန်လည်တည်ထားကိုးကွယ်လျက်ရှိရာ စေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ယနေ့နံနက် ၉ နာရီအချိန်က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသအမှူးပြု၍ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ခဲ့သည်။ ထို့နောက် မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသူက အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများအလိုက်ကော်မတီဝင်များ ဖွဲ့စည်းထားမှုအခြေအနေများကို တင်ပြခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ထီးတော်တင်မင်္ဂလာအခမ်းအနားကျင်းပမီကော်မတီအလိုက် အလှူငွေများလက်ခံရရှိရေး၊ အခမ်းအနားကြိုတင်ပြင်ဆင်ရေးကိစ္စများ၊ ဖိတ်ကြားရေး၊ ဧည့်ခံကျွေးမွေးရေးနှင့်လိုအပ်သည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အောင်ဇမ္ဗူဆုတောင်းပြည့်စေတီတော်မြတ်ကြီးသည် ယခင်က ဉာဏ်တော်အမြင့် ၂၂ ပေ၊ ၆ လက်မ၊ ပလ္လင်တော် ၂ ပေ၊ ၆ လက်မဖြင့် တည်ထားကိုးကွယ်လျက်ရှိပြီး ယခုအခါ အသစ်ပြန်လည်ပြုပြင်မွမ်းမံကိုးကွယ်ရာတွင် ဉာဏ်တော်အမြင့် ၂၇ ပေ၊ ပလ္လင်တော် ၅ ပေ မြှင့်တင်တည်၍ ရွှေစည်းခုံပုံတူဖြင့် တည်ထားကိုးကွယ်သွားမည်ဖြစ်ပြီး ယခုအခါမှာ စေတီတော်မြတ်ကြီးမှာ ပြုပြင်မွမ်းမံခြင်းများ ရာနှုန်းပြည့်ပြီးမြောက်ပြီဖြစ်၍ ထီးတော်တင်မင်္ဂလာအခမ်းအနားကို ၁၃၈၆ နတ်တော်လပြည့်နေ့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ စီစဥ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)