မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်နိုင်ရေး (Mask Campaign) ပြုလုပ်

မန့်ဟီးရိုး နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် (Mask Campaign) ကို ယနေ့နံနက် (၇)နာရီအချိန် က မန့်ဟီးရိုးမြို့၊ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ မြို့မဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ၊ လမ်းသွား လမ်းလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်သွားလာရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာကြရန်၊ စနစ်တကျ ပုံမှန်လက်ဆေးကြရန်၊ လူစုလူဝေးများကို ရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်များကို လိုက်နာဆောင်ရွက်ရန် စသည့်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းများကို (အခမဲ့)ဖြန့်ဝေပေးသည်။       

အဆိုပါ (Mask Campaign) လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာစိုင်းယီအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍ ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)