ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ကြိုဆိုဂုဏ်ပြု

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ကြိုဆိုဂုဏ်ပြု၊ အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်အရန်ရိက္ခာ APTERR အစီအစဉ် (၃)အရ ကိုရီးယာသမ္မတနိုင်ငံမှ ကချင်ပြည်နယ်အတွက် လှူဒါန်းသော ဆန်(၄၈၄ ဒဿမ ၂၂)တန်အား လွှဲပြောင်းလက်ခံရယူ

မြစ်ကြီးနား     ‌အောက်တိုဘာ ၂၇

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ကချင်ပြည်နယ်အနေဖြင့် အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ယမန်နေ့နံနက် (၇) နာရီက ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထိုသို့ ဂုဏ်ပြုကြိုဆိုရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့ ၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ အေရိုးဗစ်အကအဖွဲ့များ၊ မိဘဆရာများ၊ ကျောင်းသား/ ကျောင်းသူများက ပြန်လည်ရောက်ရှိ လာသော ဗဟိုအဆင့်ပြိုင်ပွဲဝင် အောင်ပွဲရပြည်နယ်ကိုယ်စားပြု အနုပညာရှင်မောင်/မယ်များအား ဂုဏ်ပြုပန်းကုံးများဖြင့် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားကာ ရှေး‌ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာလှိုင်က ဗဟိုအဆင့်ပြိုင်ပွဲဝင်ရောက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး  ပြိုင်ပွဲဝင် ဆုရမောင်/မယ်များအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရွှေတံဆိပ်ဆုရ ဝါသနာရှင်(ပထမတန်းနှင့် ဒုတိယတန်း)တို့တွင် နှဲ၊ ပလွေ၊ တယော အတီးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင် (၄)ဦးတို့အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဘာသာရပ်အလိုက်ပြိုင်ပွဲအသီးသီးတွင် ငွေတံဆိပ်ဆုရ ပြိုင်ပွဲဝင် (၄)ဦး၊ ကြေးတံဆိပ်ရ ပြိုင်ပွဲဝင် (၆) ဦးတို့နှင့် နှစ်သိမ့်ဆုရ ပြိုင်ပွဲဝင် (၄)ဦးတို့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ဝါသနာရှင် ဒုတိယတန်း တယောအတီး ပြိုင်ပွဲတွင် (၇)နှစ်ဆက်တိုက် ရွှေတံဆိပ်ဆုရသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗဟိုအဆင့်ပြိုင်ပွဲဝင် အနုပညာရှင် မောင်/မယ်များနှင့်အတူ နံနက်စာကို အတူတကွ သုံးဆောင်ခဲ့ကြ သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီးတို့သည် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်း ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်က အသစ် တည်ဆောက်ဖွင့်လှစ်သည့် Golden Eagle Hotel ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သိက္ခာတော်ရဆရာတော်နှင့်အတူ ဟိုတယ်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ASEAN+3 အရေးပေါ်ဆန်အရန်ရိက္ခာ အစီအစဉ် (၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် (၄၈၄ ဒဿမ၂၂)တန်အား ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများထံထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ASEAN+3 အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်(၃)ဖြင့် ကချင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင် ထောက်ပံ့ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဦးစီးမှူး ထံမှ အာဆီယံ (၁၀)နိုင်ငံအပေါင်းသုံးမှ အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR)အစီအစဉ်(၃)ဖြင့် ထောက်ပံ့လှူဒါန်းသော အရေးပေါ်ဆန်တန်ချိန် (၄၈၄ ဒဿမ ၂၂)တန်ရှိ ဆန်အိတ်များအား အလွှဲအပြောင်း စာရွက်စာတမ်းတွင် လက်မှတ်ရေးထိုး လက်ခံရယူကာ ကိုရီးယားသမ္မတနိုင်ငံနှင့် APTERR အတွင်းရေးမှူးချုပ်ထံသို့ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ဂုဏ်ပြုပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် Bother FC အသင်းနှင့် ခရိုင်လူငယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)