စစ်တွေ အောက်တိုဘာ ၂၇
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများသည် လောကာနန္ဒာစေတီတော်လှိုင်ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအားရောင်တော်ဖွင့်ခြင်း၊ လှိုင်ဂူတော်အတွင်း၌ ဘုရားဖူးပြည်သူများစိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများသည် စေတီတော်ရင်ပြင်သန့်ရှင်း သာယာရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်အနားယူနိုင်ရေးအတွက် ရင်ပြင်တော်ရှိ အမှိုက်သရိုက်များအား ကောက်ယူသိမ်းဆည်းခြင်း၊ ရင်ပြင်တော်ဆေးကြောခြင်းများကို စုပေါင်း၍ ကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဝန်ထမ်းများကိုလည်း နံနက်စာများ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)