ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းထောက်ပံ့ပေး

မြစ်ကြီးနား အောက်တိုဘာ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြိုင်ပွဲဝင်မည့်အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိရေး မိမိတို့ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများအား အားကစားနည်းအလိုက်တာဝန်များကို ခွဲဝေပေးအပ်ထားပြီး လက်ရွေးစင်ကစား သမားစိစစ်ရွေးချယ်ခြင်းနှင့် စခန်းသွင်းလေ့ကျင့်ချိန်တို့တွင် လိုအပ်သည်များ ထောက်ပံ့ကူညီပေးနိုင် ရေး နည်းပြ၊ အားကစားသမားနှင့် ချိတ်ဆက်ပေါင်းစပ်ပေးနိုင်ရေး ယခုလိုတွေ့ဆုံအားပေးလိုခြင်းဖြစ် ပြီး လိုအပ်သည်များကိုလည်း ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အားကစားနည်းအလိုက် ပြိုင်ပွဲဝင်ရောက်နိုင်ရေး ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ချိတ်ဆက်ပြီး လက်ရွေးစင်ကစားသမားရွေးချယ်၍ စခန်းသွင့်လေ့ကျင့်လျက်ရှိသည့်အခြေအနေများ၊ အောင်မြင်မှုရရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်နေသည့် အခြေအနေများကိုရှင်းလင်းတင်ပြပြီး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ကာယဗလမောင်/မယ် ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုအားကစားနှင့် ကရာတေးဒိုအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင် လူရွေးချယ်ခဲ့မှုနှင့် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများနှင့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများနှင့် လိုအပ်ချက်များကို ဆပ်ကော်မတီတာဝန်ရှိသူများက အသီးသီးတင်ပြဆွေးနွေးကြသည်။

တင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးကလိုအပ်သည်များကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ပြိုင်ပွဲတွင်အောင်မြင်မှုရရှိရေး လေ့ကျင့်ကြိုးစားယှဉ်ပြိုင်နိုင်ရေး တိုက်တွန်းအားပေးခဲ့ကာ ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်