တာချီလိတ်မြို့၌ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

တာချီလိတ် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် နယ်မြေခံတပ်နယ်မှ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကျန်ရှိနေသော နုန်းနှင့်အမှိုက်များ ရှင်းလင်းဆောင်ရွက်ပြီးစီးမှုနှင့် တစ်မြို့လုံးအတိုင်းအတာဖြင့် ရေစီးရေလာကောင်းမွန်ရေး၊ ပျက်စီးသွားသည့် လမ်းတံတားများ ပြုပြင်တည်ဆောက်နိုင်ရေး၊ ပျက်စီးသွားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)ထိပ် အဝိုင်းပတ်နေရာတွင် နာရီစင်တည်ဆောက်နိုင်ရေး၊ မြို့ကျက်သရေဆောင် အောင်မြတ်ခန်းမအား ခေတ်စနစ်နှင့်အညီ ပြန်လည်ပြုပြင်နိုင်ရေး၊ ရွှေဝါနဒီပန်းခြံ အဆင့်မြှင့်တင်နိုင်ရေး၊ တာလော့ဈေးအား စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်သူပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ပုန်းထွန်နှင့်တာလော့ရပ်ကွက်၌ ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် သံကူကွန်ကရစ် ကျောက်စီမြေထိန်းနံရံတည်ဆောက်မည့်ကိစ္စတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းများအောင်မြင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး လိုအပ်သော ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းပေးကြသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)