ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

တောင်ကြီး  အောက်တိုဘာ  ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ယမန်နေ့  ညနေ ၃ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး နယ်စပ်ရှိ နယ်ခြားဆိုင်းဘုတ်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး နယ်ခြားဆိုင်းဘုတ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားသဖြင့် လမ်းသားပဲ့ကျ ပျက်စီးခဲ့သော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(ကလောခရိုင်)လမ်းပိုင်း မိုင်တိုင်အမှတ် ၅၄/၄၊ ၅၄/၅၊ ၅၅/၁၊ ၅၅/၂၊ ၅၇/၆-နှင့် ၆၆/၀ တို့တွင် စက်ယန္တရားများဖြင့် လမ်းပြုပြင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် ကလောခရိုင် လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောစန္ဒာသိန်းတို့က လမ်းပိုင်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လမ်းပြုပြင်ဆောင်ရွက်နေမှု တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး၊ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ လမ်းကြောပိတ်ဆို့မှု မရှိစေရေးအတွက် စနစ်တကျဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)