ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်း‌သာမှုရှိစေရန် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကျိုက်ထို အောက်တိုဘာ ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။  

ယင်းသို့ စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ ရင်ပြင်တော်ရှိ ဂေါပကအဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ လုံခြုံရေးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်တက်မော်တော်ယာဉ်အသင်းဝင်များနှင့်တွေ့ဆုံကာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်အား ဗုဒ္ဓပူဇနိယပွဲတော်ကာလတွင် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်ဆောင်ရွက်နေသည့် အခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်ပညာရှင်များက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်တွင် အများပြည်သူများကပ်လှူပူဇော်ထားသည့် ရွှေဆိုင်းများ၏အရည်အသွေးစံချိန်ပြည့်ဝမှု ရှိမရှိ၊ အများသုံးရေလှောင်ကန်သန့်ရှင်းသပ်ရပ်မှုရှိမရှိနှင့် စွန့်ပစ်အမှိုက်များ ခွဲခြားစစ်‌ဆေးသည့် မီးရှို့စက်တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှုး ဒုတိယရဲမှူးကြီးဆန်းနိုင်ဦး၊ အဖွဲ့ဝင်ဦးဇေယျာဦးနှင့်အဖွဲ့ဝင်များက သန့်ရှင်းသာယာလှပရေး ၊ မီးတားလမ်းများဖေါက်လုပ်ထားရှိမှု၊ တောင်တက်မော်တော်ယာဉ်လမ်းတစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျရောင်းချခြင်းရှိမရှိတို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက ဂေါပကအဖွဲ့မှ ခန့်အပ်တာဝန်ပေးထားသည့် ဝန်ထမ်းဦးရေစာရင်းနှင့် နေ့စဉ်ဆောင်ရွက်နေသည့်လုပ်ငန်းများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ တာဝန်ရှိသူများအား ရင်ပြင်တော် ဆရာတော်၏ ဩဝါဒကိုခံယူ၍ လိုအပ်သည်များကို ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်